Lily | လီလီ

By and | 31 October 2020

လီလီဟာ သူမရဲ့ ကော့ရွှန်းနက်မှောင် မျက်တောင်ရှည်ရှည်ကို တဖျတ်ဖျတ် ပြိုးပျက်လို့
ညကြီးမင်းကြီး ဆံနွယ်မှာ ပါးပြင်မှာ လည်တံမှာ သက်တံ့တွေ ဆုတ်ဆုတ်ခဲခဲ ပွင့်လို့
လီလီ့အကျင်္ီက ပါးလွှာကွေ့ဝိုက်လို့ လီလီ့ဂျင်း(န်)ပင်က တိုပြတ်တင်းကျပ်လို့
လီလီ ဘီယာငှဲ့ပေးတယ်…။
လီလီဟာ လိုအပ်တာထက်ပိုမိုကိုင်းညွှတ်ပြီး လီလီဟာ လိုအပ်တာထက် ပိုမိုတိုးကပ်ပြီး
လီလီဟာ သူမကိုယ်သူမ အချိုးတကျ ထည့်စပ်ပြီး..လီလီဟာ ကိုယ်ပိုင်ဖေါ်မြူလာအသစ်နဲ့ ကိုယ်တိုင်တစေးဖေါက်ပြီး
လီလီက ပင်စန်ဟီးလ်ပေါ်က ကြောင်မယဉ်သာဟန်ပန်ကို အမြည်းတစ်ပွဲ အဖြစ်ချက်ပြုတ်ပြီး..
လီလီက သူမရင်အုံဖွေးဖွေးပေါ်က ဖန်စီလည်ဆွဲကို အမြည်းတစ်ပွဲအဖြစ် ကြော်လှော်ပြီး…
လီလီ့မျက်နက်ဆန်လေးက အစာကိုချောင်းကြည့်နေတဲ့ ကျီးပျိုနက်မတစ်ကောင်လို
လီလီ့လှုပ်ရှားဟန်တွေက သိမ်းစွန်အသုတ်ခံရခါနီး အသားဆိုင်အသားခဲလို
လီလီဘီယာ ငှဲ့နေတယ်..။
လီလီက ဘီယာကို သူမကိုယ်သင်းန့ံနဲ့ ရောင်းအား မြှင့်တင်တယ်။
လီလီက သူမကိုယ်သင်းနံ့တွေကို ဘီယာနဲ့ ရောင်းအားမြှင့်တင်တယ်.
လီလီ ဘီယာ ငှဲ့ပေးတယ်။
ယင်မမဲရိုင်းတွေ အုံးကနဲထပျံသွားသလို တသောသော တအုပ်အုပ်တွေထဲမှာ
သူမရဲ့ ရယ်မောသံ ချိုချိုချွဲချွဲကို ဖေါင်းကနဲဖေါက်ချလိုက်တယ်ဆိုရင်ပဲ
အကြည့်မီး အကြည့်လျှံတွေ အမြုတ်တစီစီထ ထွက်ကျလာမယ့် ခိုးခိုးခစ်ခစ်ကလေးကို
ခရင်းနဲ့တည့်တည့်ထိုးစိုက်ပြီး
မဝါးပဲမျိုချပစ်နိုင်ဖို့ လီလီ ငှဲ့ပေးနေခဲ့တယ်..
လီလီက သူမ နှုတ်ခမ်းတွေကို ဘယ်ရီသီးယောင်ဆောင်ထားပြီး ၊ ငှဲ့ပေးတယ်..။
လီလီက သူတို့အကြည့်တွေထဲမှာ သူမအပြုံးတွေကို မခို့တရို့ ထိုးစိုက်ထားလိုက်ရင်း ၊ ငှဲ့ပေးတယ်..။
လီလီက သူတို့စကားလုံးတွေကို သူမ တွတ်တီးတွတ်တာနဲ့ လှီးဖြတ်ခုတ်ထစ်ပြီး ၊ ငှဲ့ပေးတယ်..။
လီလီက သူတို့သွေးပြန်ကြောထဲအထိ သူမပါ စီးဆင်းလိုက်ပါဖို့ ၊ ငှဲ့ပေးတယ်..။
လီလီက တယ်ရီယာခွေးစုတ်ဖွားမလေး ကရုကရင် ဆိုးနွဲ့နေသလိုမျိုး ၊ ငှဲ့ပေးတယ်..။
လီလီက သူမကိုယ်သူမ ရိုက်ခွဲ ပုလင်းထဲ ဝင်ထိုင်ပစ်တဲ့ အထိ ၊ ငှဲ့ပေးတယ်..။
ဘယ်တော့ပြန်လာမယ်မှန်းမသိနိုင်တဲ့သတင်းကို နားမစွင့်တတ်သလို မျက်နှာပေးနဲ့ လီလီက
ဘဝကို ကိုင်းကူးကိုင်းဆက် ပျိုးနေရင်း ဘီယာနောက်တစ်ခွက် ငှဲ့လိုက်တယ်…
သူမကိုယ်သူမ အစာအဖြစ်တပ် စိတ်ရှိလက်ရှိထိုင်မျှားရင်း လီလီက
ဘဝဆိုတာ ဘီယာလို ခါးတားတားလေးပေါ့ရှင်လို့ ရယ်ရွှန်းပတ်ရွှန်းပြောဆိုပြီး ဘီယာနောက်တစ်ခွက်ငှဲ့လိုက်တယ်…
ကျွန်မက ဘုရားသခင်ရဲ့အကျအပေါက်အမှားအယွင်းတစ်ခုပေါ့တဲ့ ဘီယာနောက်တစ်ခွက် ထပ်ငှဲ့တယ်…
ကျွန်မက အလမ္မါယ်ဆရာ့ ပါးချုပ်ထဲက မြွေမလေးပေါ့တဲ့ ဘီယာနောက်တစ်ခွက် ထပ်ငှဲ့တယ်…
အိပ်တန်းတက်ချိန်မှမရောက်သေးဘဲ နောက်ထပ် ဘီယာငှဲ့လိုက်တယ်…
ညတွေ တသိပ်သိပ်ရွာနေတုန်း လီလီ ဘီယာငှဲ့လိုက်တယ်
အရုဏ်ဦးမှ မဖူးသေးဘဲ၊ မနက်ဖန်တွေမှ မလင်းသေးဘဲ၊ အမှောင်တွေမှ မကုန်နိုင်သေးဘဲ
လီလီ ဘီယာ ငှဲ့ပေးတယ်။
လီလီ ဘီယာ ငှဲ့လိုက်တယ် ။
လီလီ ဘီယာ ငှဲ့နေတယ်…။

This entry was posted in 99: SINGAPORE and tagged , . Bookmark the permalink.

Related work:

Comments are closed.